Saturday, September 14, 2013

Blog Aim

            ဒီဘလော့လေးဟာ Naval Architecture ဘာသာရပ်နဲ့ပက်သက်ပြီး ကျွန်တော်သိသမျှ၊ တတ်သမျှ၊ မှတ်သမျှ ကိုပြန်လည်မျှဝေပေးဖို့ရာပြုလုပ်ထားခြင်းဖြစ်ပါတယ်။
            ကျွန်တော် ဒီဘလော့ကို လုပ်ဖြစ်သွားတဲ့ရည်ရွယ်ချက်က ကျွန်တော် ဆယ်တန်းအောင်ပြီးတော့
ရေကြောင်းတက္ကသိုလ်ကို ၀င်ခွင့်ရရှိတဲ့အခါ အထူးပြုဘာသာရပ်တွေ ရွေးချယ်ရာမှာ အခက်အခဲနားမလည်မှုတွေ ကြုံခဲ့ရပါတယ်။
ရေကြောင်းတက္ကသိုလ်မှာ ကျွန်တော်တို့ဝင်ခွင့်စရချိန်မှာ သင်ကြားနေတဲ့ ဘာသာရပ်တွေကတော့ ရေကြောင်းအင်ဂျင်နီယာဘာသာရပ် (Marine Engineering ME)၊ ရေယာဉ်ဗိသုကာ ဘာသာရပ် (Naval Architecture NA)၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ် (Marine Electrical and Electronic Engineering MESE)၊ ဆိပ်ကမ်းအင်ဂျင်နီယာ ဘာသာရပ် (Ports and Harbors Engineering PH)၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာ ဘာသာရပ် (River and Coastal Engineering RC) နှင့် ရေကြောင်းသိပံဘာသာရပ် (Nautical Science NS) တို့ဖြစ်ပါတယ်။
            အဲဒီအချိန်တုန်းက ကျွန်တော်အမှန်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ်က ဒီဇိုင်း၊ ဖန်တီးမှုတွေသင်ရတဲ့ ဘာသာရပ်မျိုးပါ။
သို့ပေမယ့် ဘယ်ဘာသာရပ်က ဘာကိုသေချာသင်လည်း ဆိုတာ အထက်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတယောက်အတွက် Familiar မဖြစ်ပါဘူး။ ကျွန်တော်ထင်ထားတာက ME နဲ့ NA ၂ခုတည်းက တခုကိုတော့ရွေးချယ်ရမယ်ဆိုတာပါပဲ။ ဒါပေမယ့် Marine Engineering ဆိုတော့လဲ ပင်လယ်ရေကြောင်းအင်ဂျင်နီယာ (အဲဒီနာမည်ကလည်း သဘောင်္တည်ဆောက်ရမှာဟုတ်သလိုလို)၊ Naval Architecture ကကျတော့လည်း (ရေယဉ်တည်ဆောက်မှုဗိသုကာဆိုတော့ သူကပဲ ရေယဉ်တွေဆောက်ရမှာလိုလို) အဲလို လိုလိုတွေနဲ့ခေါင်းစားခဲ့ပါတယ်။ နောက်ပြီး ဘယ်ဘာသာကဖြင့် သဘောင်္တစီးလုံးကို ဆောက်ရတာလဲ၊ သင်္ဘောနဲ့ပက်သက်တဲ့ စက်ယန္တယားတွေကို ဘယ်ဘာသာရပ်က သင်ပေးမှာလည်း အဲဒါတွေအများကြီးကို နားမလည်ခြင်းများစွာနဲ့ပဲ ရေကြောင်းတက္ကသိုလ်ကို ခြေချခဲ့မိပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်ရွေးချယ်တာကြီးမှားယွင်းခဲ့ပေမယ့် ဆယ်တန်းအမှတ်တွေနဲ့ ဘာသာရပ်ခွဲလိုက်တဲ့အခါ ကျွန်တော်ကံပြန်ကောင်းစွာနဲ့ NA မေဂျာကို အလိုလိုကြီးရရှိသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာရပ်တွေ ဆန္ဒပြုရာမှာ ကျွန်တော်က ပထမဆုံး ME၊ ဒုတိယက NA နဲ့ တတိယက EE ကိုရွေးချယ်ခဲ့လို့ပါပဲ။
            ဖြစ်ချင်တော့ ကျွန်တော် ထင်ယောင်ထင်မှားနဲ့ရွေးချယ်လိုက်မိတဲ့ ME ဘာသာရပ်ကို တစ်မှတ်အလိုနဲ့ ကပ်ပြုတ်သွားခဲ့တာ ထိုစဉ်အခါတုန်းက မခံချိ မခံသာဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ ကျေးဇူးတင်မဆုံးဖြစ်မိပါတယ်။ ကဲမိတ်ဆက်တွေအရမ်းများသွားခဲ့ပြီ။
ကျွန်တော်အနေနဲ့ ကျွန်တော်တို့ဘာသာရပ်ကိုရွေးချယ်လိုက်တဲ့ ညီငယ်၊ ညီမငယ်များ ဘာတွေကိုလေ့လာရမယ်။ ဘယ်လိုစာသင်ကြားမှုတွေကို ရင်ဆိုင်ရမယ်။ ဘယ်နှစ်မှာတော့ ဘယ်ဘာသာရပ်တွေကို သင်ကြားရမယ်။ ဘယ်သာသာရပ်တွေက ဘယ်နေရာမှာပြန်လည်အသုံးချရမယ်ဆိုတာကို သိသလောက်မှတ်သလောက်တင်ပြဖို့ အတွက် ဒီ ဘလော့လေးကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်။
            ဘလော့ရေးသားသူကျွန်တော်တယောက်တည်းမို့ Post တွေက တော့ ခဏခဏတင်ဖြစ်ချင်မှ တင်ဖြစ်ပါမယ်။ သို့ပေမယ့်
ခုလက်ရှိကျောင်းသားတွေရော၊ နောက်မှရောက်လာကြမယ့် ကျောင်းသားတွေအတွက်ရော တခုခု မှီငြမ်းလို့ရမယ် ဆိုရင် ကျွန်တော့်

ဆန္ဒပြည့်ဝသလို၊ အမိတက္ကသိုလ်အတွက် တစုံတရာ ပြန်လည်လုပ်ပေးလို့ရတဲ့အနေနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်မိမှာဖြစ်ပါကြောင်း……..

No comments:

Post a Comment